အချစ်ဆိုတာ ကြိုးနဲ့သီဖို့ မလိုတဲ့ ပန်းကလေးတွေ  

My friend Ark suggests the English title shall be like “Love is like flowers which do not need to be strung” ..

အချစ်ဆိုတာ ကြိုးနဲ့သီဖို့ မလိုတဲ့ ပန်းကလေးတွေ

ဇာတ်လမ်းအဓိကမဟုတ်သော ၀တ္ထုတစ်ပုဒ်လို သူနှင့်ကျွန်မ ချစ်ခဲ့ကြပါသည်။

ကျွန်မတို့မှာ အဖြစ်အပျက်တွေ ကြုံကြိုက်မှုတွေရှိသည်။ သို့သော် ဘာပြီးရင် ဘာလာရမယ်ဟူသော ဖြစ်စဉ်တွေ မရှိပါ။ ကျွန်မတို့မှာ ဆန္ဒတွေရှိသည်။ သို့သော် မျှော်လင့်ချက်မရှိပါ။ ကျွန်မတို့မှာ မှန်းဆကြည်နူးမှုတွေရှိသည်။ သို့သော် အနာဂတ်မရှိပါ။

ကျွန်မနှင့်သူ၏အချစ်သည် မွှေးပျံ့သော၊ လှပသော စံပယ်ပန်းများဖြစ်သည်ဆိုလျှင် လက်ထဲမှာ ထွေးဆုပ်ထားသော ပန်းများပဲ ဖြစ်မည်။ စံပယ်ကုံးတစ်ကုံး မဟုတ်ခဲ့။ ကျွန်မတို့၏ အချစ်ကို သီရန် ကြိုးမရှိခဲ့။

သို့သော် ကျွန်မ သူ့ကို အလွန်ချစ်ပါသည်။

**

အာရုံငါးပါးတွင် အချစ်သည် အနည်းဆုံး တစ်ပါးပါးဖြင့် စတင်တတ်သည်ဟု ပြောပါသည်။ ကျွန်မ ဘယ်အာရုံဖြင့် စချစ်ခဲ့မိသလဲဟု စဉ်းစားကြည့်လျှင် ကျွန်မအံ့သြစွာ ရယ်ချင်ပါသည်။ အဆင်း၊ ရနံ့၊ အရသာ၊ အသံနှင့် ထိတွေ့မှု အာရုံငါးပါးလုံးဖြင့် စချစ်ခဲ့မိသောကြောင့် ဖြစ်ပါသည်။

ချစ်သူတစ်ယောက်ကို ဘယ်အချိန်က စချစ်သွားမှန်းမသိဘူးဆိုတဲ့လူတွေ တော်တော်ညံ့တာပဲဟု ကျွန်မထင်ပါသည်။ သည်လောက် အရေးကြီးသည့် အပြောင်းအလဲတစ်ခုကို သူတို့ဘာကြောင့် သတိမထားမိကြတာလဲ။ ဘဝမှာ အမြဲအောက်မေ့ အမှတ်ရစရာ ကူးပြောင်းမှုတစ်ခုကို လူတိုင်း သတိရနေသင့်သည် ထင်ပါသည်။

ကျွန်မအတွက်က အချစ်သည် နှင်းတို့ဖြင့် မှုန်ရီသော နံနက်ခင်းတစ်ခုက သယ်ဆောင်လို့ ပါလာသောအရာဖြစ်ခဲ့ပါသည်။

အဲသည်ကောင်လေးတစ်ယောက်ကို ကျွန်မတို့ ရပ်ကွက်ထဲကဟု သိနေတာဖြင့် ခြောက်လလောက် ရှိခဲ့ပြီ။ တစ်ယောက်နှင့်တစ်ယောက် တွေ့လျှင်လည်း ပြံုးမပြမိကြ။ ဘယ်သူကမျှ ကျွန်မတို့ကို မိတ်ဆက်မပေးခဲ့။ ကိုယ့်ဟာကိုယ် မိတ်ဆက်ရန်ထိလည်း တစ်ယောက်ကိုတစ်ယောက် စိတ်မဝင်စားခဲ့။

ဇန်နဝါရီ နံနက်ခင်းတစ်ခုမှာတော့ ကျွန်မအိမ်မှ ဟံသာဝတီအဝိုင်းထိ ကျွန်မ အပြေးကျင့်ရင်း သူနှင့်ဆုံခဲ့မိပါသည်။ ဆုံခဲ့မိတော့လည်း သူကိုယ့်ကို မြင်သည်။ မျက်မှန်းတန်းမိနေသော ကောင်မလေးဟု သိသည်။ ကိုယ်က သူ့ကိုမြင်သည်။ ဒီကောင်လေးဟာ လမ်းထိပ်က ဗီဒီယိုခွေ အငှားဆိုင်မှာ ခဏခဏ မျက်မှန်းတန်းမိနေသော တစ်ယောက်ပဲဟု သိသည်။ ဒါပဲ။ သူက သူငယ်ချင်းတစ်ယောက်နှင့်အတူ အပြေးကျင့်နေသည်။ ကျွန်မက တစ်ယောက်တည်း။ ကျွန်မတို့ ပြံုးလည်း မပြမိကြပါ။

သူတို့နှစ်ယောက် စကားတပြောပြောနှင့် ပြေးနေတာမို့ ကျွန်မလောက်မမြန်ပါ။ ထို့ကြောင့် ကျွန်မက သူတို့ကို ကျော်တက်လာခဲ့သည်။ အဲသည်မှာ အချစ်ရောက်လာဖို့ အခြေအနေကို ကြံုရသည်။

ကျွန်မ၏ ဝေါ့လ်ကင်းရှူးက လေးငါးနှစ်လောက် ဟောင်းနေပြီ။ ထို့ပြင် ကျွန်မက ဖိနပ်ကြိုးချည်ရာတွင် အလွန်ညံ့ပါသည်။ ကျွန်မ ဖိနပ်ကြိုးသည် တစ်ခါပြေးလျှင် အနည်းဆုံး တစ်ဖက်တစ်ခါတော့ ပြန်ပြင်ချည်ရတတ်၏။ ကြိုးပြေပြီး ကြိုးနှစ်ချောင်းလုံး ဘတ်လတ်ဘတ်လတ် ဒယဉ့်တိုက်နေသည်ကို ခဏခဏ တွေ့ရတတ်ပါသည်။

အဲသည်မနက်က ကျွန်မသည် သူတို့နှစ်ယောက်ရှေ့မှာ ဖိနပ်ကြိုး ပြေနေခဲ့သည်။ ချည်ထားသည့်ကြိုး ပြေလို့ဖြင့် ဖိနပ်က ချောင်လာစရာအကြောင်းမရှိပါ။ ဟိုဘက်သည်ဘက် ရက်ယှက်ကာ တင်းတင်းဆွဲထားသော ကြက်ခြေခတ်နေရာတွေက နဂိုအတိုင်းပါပဲ။ သို့သော် ဖိနပ်ကြိုး ပြေပြီး တန်းလန်းကျခြင်း၊ ဖိနပ်ဟောင်း၍ ချောင်နေခြင်း ထိုနှစ်ခု ပေါင်းလိုက်သောအခါ ကျွန်မ၏ ညာဘက်ခြေထောက်က လိုချင်ရာကို မရောက်ဘဲ ဖြစ်သွားသည်။ ထိုအချိန်မှာပဲ ကျွန်မ လဲသွားပါသည်။

ပထမဆုံး သိလိုက်တာကတော့ ရှက်တာပါပဲ။ ရပ်ကွက်ထဲက ကောင်လေးတွေရှေ့မှာတော့ အရှက်ကွဲပြီ။ နောက် သိလိုက်တာကတော့ ဒူးဆစ်ဆီက နာကျင်မှုပါပဲ။ ဘောင်းဘီအရှည်ဝတ်ထားသဖြင့် ဒဏ်ရာကို မမြင်နိုင်သော်လည်း ပေကျံပွန်းသွားသော ဘောင်းဘီသားကိုကြည့်ပြီး ဒူးလည်းပွန်းသွားပြီဟု မှန်းလိုက်ရသည်။ ထို့ကြောင့် ကမန်းကတန်း ထရပ်လိုက်ပါသည်။ သူတို့က ကျွန်မဘေးမှ ကျော်တက်ရန် ပြင်နေပြီ။

“ဟေ့ ဟေ့ … မင်း ဖိနပ်ကြိုး ပြေနေတယ်”

သူ့သူငယ်ချင်းက ကျွန်မအား ဖိနပ်ကို လက်ညှိုးထိုးပြသည်။ ကျွန်မသည် ထူပူနေသော မျက်နှာကို အောက်သို့ ငုံ့လိုက်ပြီး ကြိုးတပ်ရန် ကိုယ်ကို ကိုင်ငုံ့ချလိုက်သည်။ အဲသည်ကျမှ လက်ဖနောင့်မှာ ပွန်းပြီး သွေးခြည်ဥနေတာကို မြင်ရသည်။ နီရဲနေတာပဲ။ သွေးဟုထင်လိုက်ချိန်မှာ ကျွန်မ မူးပြီး ထိုင်ကျသွားပြီ။

“ဟာ.. ဟေ့ကောင်၊ ကောင်မလေး လဲသွားပြန်ပြီကွ”

အဲဒါ သူ့အသံ။ သူ့အသံသည် ဂစ်တာတစ်ခု၏ အပေါ်ဆုံးကြိုးနှစ်ချောင်းတည်း တီးခတ်သည့်အသံလိုပဲ ကျွန်မအကြားအာရုံထဲသို့ လှိုင်းခတ်၍ ၀င်ရောက်သွားပါသည်။ အသံပြီးတော့ လူကိုယ်တိုင် အနားသို့ရောက်လာသည်။

“နင့်လက်မှာ သွေးတွေနဲ့၊ နင့်မှာ လက်ကိုင်ပဝါ ပါလား”

ကျွန်မမှာ ဘာမှ မပါပါ။ သူ့ကိုမော့ကြည့်သော်လည်း ပြာဝေသော မျက်လုံးကြောင့် သဲသဲကွဲကွဲ မမြင်ရ။

“ဒါဖြင့် နင် ဘာကိုမှ မကိုင်နဲ့၊ ဖိနပ်ကြိုးကိုလဲ မကိုင်နဲ့၊ ငါ ချည်ပေးမယ်”

သူ ကျွန်မအနားမှာ ထိုင်ချလိုက်သည်။ ကျွန်မ၏ ဖိနပ်ကြိုးကို ချည်ပေးနိုင်ဖို့ လုံလောက်စွာ နီးကပ်သော အကွာအဝေးဖြစ်သည်။ သူ့ရင်ဘတ်သည် ကျွန်မမျက်နှာနှင့် တစ်ပေလောက်ပဲ ကွာသည်။ ထို ရင်ဘတ်ဆီမှ ရေမွှေးနံ့တစ်ခုနှင့် ချွေးနံ့ ပေါင်းနေသော ကိုယ်နံ့ပြေပြေလေးတစ်ခုကို ရပါသည်။ အဲဒီအနံ့သည် တုန်လှုပ်ရှက်ရွံ့စွာ အသက်ပြင်းပြင်း ရှိုက်ရှူနေရသော ကျွန်မ၏ အဆုတ်ထဲမှတစ်ဆင့် နှလုံးသားထဲ၊ ထိုမှတစ်ဆင့် သွေးကြောတွေထဲသို့ ပျံ့နှံ့ စီးဝင်သွားခဲ့ပါသည်။ သူ ကျွန်မအသားကို မထိခဲ့ပါ။ ကျွန်မ၏ ဝေါ့လ်ကင်းရှူးနှင့် ဖိနပ်ကြိုးကိုသာ သူထိခဲ့ပါသည်။ သို့သော် သူ့လက်မှ ပူနွေးမှုသည် ဖိနပ်ကြိုးထဲမှတစ်ဆင့်၊ ခြေအိတ်မှတစ်ဆင့် ကျွန်မကိုယ်ခန္ဓာထဲသို့ ဖြည်းညင်းစွာ ၀င်ရောက်သွားခဲ့သည်။ အဲသည်အခါကျမှ ပြာဝေမှု သက်သာသွားသော မျက်လုံးများဖြင့် သူ့လက်ကို ကျွန်မ ကြည့်မိသည်။ ကြီးမားသော၊ သွယ်ရှည်သော လက်တွေ…။ ဖိနပ်ကြိုးကို ဖျတ်လတ်သွက်လက်စွာ၊ ထို့ပြင် လှပစွာ ချည်ပြီးသွားသော လက်တွေ။

“ကဲ.. ရပြီ၊ နင် မူးနေသေးလား”

ကျွန်မ ခေါင်းမညိတ်ရသေးမီ သူက စပို့ရှပ်အိတ်ထဲမှ ချိုချဉ်တစ်လုံး ထုတ်ပေးသည်။

“ရော့.. ဒါကိုစားလိုက်၊ ဒီနားမှာပဲ ထိုင်နေခဲ့၊ ငါတို့ပြန်လာမှ အတူလိုက်ပြန်.. ဟုတ်ပြီလား”

သူ့ချိုချဉ်သည် သာမန် အဝါရောင်ချိုချဉ်တစ်လုံးသာ ဖြစ်သည်။ ထုပ်ပိုးထားသည့် ပလတ်စတစ်စမှာလည်း အသည်းပုံတွေ ဘာတွေမပါ။ သို့သော် သူ့အကျႌအိတ်ကပ်ထဲက ချိုချဉ်၊ သူ့နှလုံးသားနှင့် ထိကပ်စွာ ပူနွေးနေသော ချိုချဉ်၊ ကျွန်မစားဖူးသမျှ ချိုချဉ်အားလုံးထဲတွင် သူ့ချိုချဉ်က အာဟာရအပြည့်ဆုံး၊ အမူးအပြေဆုံး ဖြစ်ပါသည်။

အဲသည်ချိုချဉ်ခွံကလေး ယခုအချိန်ထိ ကျွန်မမှာ ရှိပါသည်။


သူ့ကို ကျွန်မက ‘ကောက်ကောက်’ ဟု ချစ်စနိုးခေါ်ပါသည်။ ဆံပင်လေးတွေ ဖွာကောက်နေတာကြောင့်၊ ကျွန်မအပေါ် ခဏခဏ စိတ်ကောက်တတ်တာကြောင့်၊ နောက်ပြီး သူ့နာမည်ရင်းကို ကျွန်မ မကြိုက်တာကြောင့် ဖြစ်ပါသည်။ (သူ့နာမည်က ခပ်တုံးတုံးနာမည်ဖြစ်သည်။ သူ့မိဘတွေသည် ဒီလောက် ရင်ခုန်စရာကောင်းသည့်၊ ကြမ်းတမ်းသွက်လက်စွာ ခေတ်မီသည့် သားကို နည်းနည်းမျှ ရင်ခုန်ချင်စရာမကောင်းသည့် ခပ်တုံးတုံးနာမည်ကြီး ပေးမှ ပေးရက်လေခြင်း။)

သူ့မှာ စတိုင်ဘောင်းဘီ သုံးထည်၊ ဂျင်းဘောင်းဘီ နှစ်ထည်နှင့် ပုဆိုးသုံးထည်ရှိပါသည်။ အဲဒါတွေအားလုံး သူရသည့် လခနှင့် ၀ယ်ထားခြင်းဖြစ်ပါသည်။ သူသည် အင်းစိန် စက်မှုသိပ္ပံမှ ဆင်းသော လျှပ်စစ်အင်ဂျင်နီယာ ပေါက်စလေး ဖြစ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါသည်။ တနင်္ဂနွေတစ်ရက်ပဲ ရက်အားရသဖြင့် ကျွန်မနှင့် သူသည် တနင်္ဂနွေ နေ့လည်တွေမှာပဲ အေးအေးဆေးဆေး တွေ့ရတတ်ပါသည်။ တစ်ခါတစ်ခါမှာတော့ ကျွန်မအလုပ်လုပ်ရာ မိတ္ထူကူးဆိုင်သို့ သူလာပြီး စာရွက်တွေ မိတ္ထူကူးတတ်ပါသည်။ အဲသည်အခါမျိုးမှာ စက္ကန့်ပိုင်းလောက် စကားပြောရတတ်ပါသည်။ ထိုအချိန်များအား ‘ကျွန်မတို့အတွက် အပိုဆုကြေးလေးတွေ…’ ဟု သူက ခေါ်ပါသည်။

Bonus ဟူသော အသုံးအနှုန်းသည် အလုပ်ထဲမှ အသုံးအနှုန်းဖြစ်သော်လည်း ကျွန်မတို့ အချစ်ထဲသို့ သူက ဆွဲယူလာတတ်သည်။ သူနှင့်ကျွန်မ လမ်းခွဲခါနီးတိုင်း ‘ငါ့ကို ဘောနပ်စ်လေး ပေးခဲ့ပါဦးဟာ’ ဟု သူ တောင်းတတ်သည်။ သူတောင်းသည့် အပိုဆုကြေးမှာ ငွေ မဟုတ်ပါ။ ထွေပြားဆန်းကြယ်သည့် နှုတ်ခမ်းတစ်ခုလည်း မဟုတ်ပါ။ ကျွန်မ၏ လက်သန်းနှင့် သူ့လက်သန်းချိတ်ယူကာ လက်သီလေးတွေ ဆုတ်လျက် ကျွန်မ သူ့လက်ခုံကို လှစ်ခနဲ နမ်းလိုက်သည့် နွေးထွေးမှုတစ်ခုသာ ဖြစ်တတ်သည်။ အဲဒါကို သူသည် မင်းသမီးလေး၏ ပန်းကုံးစွပ်ခံလိုက်ရသော လူဆင်းရဲကလေးတစ်ယောက်လိုပင် ကျေနပ်ကြည်နူးစွာ ခံယူတတ်ပါသည်။

တစ်ခါတစ်ခါ သူတောင်းဆိုသည့် အပိုဆုကြေး ရယ်စရာကောင်း၏။

ကျွန်မကို သူက နှုတ်ခမ်းဆိုးဆေးတောင့် (စျေးသိပ်မကြီးသည့်) တစ်ခု ၀ယ်ပေးပြီး သူ့ရှေ့မှာပဲ ဆိုးခိုင်းသည်။ နှုတ်လမ်းဆိုးဆေး ဆိုသည့်အခါ နှုတ်ခမ်းပေါ်မှာ အရောင်စွဲ၍ တင်ကျန်ရစ်စေရန် ကျွန်မက စက္ကူလက်ကိုင်ပဝါခေါက်လေးကို ငုံပြီး ဖိနှိပ်ပစ်လျက် နှစ်ထပ်သုံးထပ် ပြန်ဆိုးလေ့ရှိတာ သူသိထားသောကြောင့် ဖြစ်ပါသည်။ သူ့နှုတ်ခမ်းနီကို သုံးကြိမ် စက္ကူဖြင့် ဖိပြီး လေးကြိမ်မြောက် ဆိုးပြီးသွားသည့်အခါ စက္ကူလက်ကိုင်ပဝါလေးပေါ်၌ နှုတ်ခမ်းရာသုံးခု ထင်နေခဲ့ပြီးပြီ ဖြစ်ပါ၏။ ထိုစက္ကူလက်ကိုင်ပဝါလေးကို သူက ကျွန်မဆီမှ တောင်းယူပါသည်။

ပထမဆုံးအကြိမ် သူတောင်းတုန်းက ကျွန်မ မပေးချင်ခဲ့ပါ။

‘ဟင်.. ဘာလုပ်ဖို့လဲ’ ဟု ကျွန်မမေးတော့ သူက ကျယ်ပြန့်စွာ ပြံုးရယ်လျက် ‘ဘာလုပ်လုပ်ပေါ့’ ဟု ဖြေခဲ့သည်။ သူသည် အမြဲတမ်းတော့ အပိုဆုကြေး တောင်းတတ်သူ မဟုတ်ပါ။ ဒါကြောင့် ကျွန်မ သူ့ကို စက္ကူလက်ကိုင်ပဝါလေး ပေးလိုက်ပါသည်။

ထိုစက္ကူလက်ကိုင်ပဝါလေးကို ရင်ဘတ်ပေါ်မှာတင်ပြီး အိပ်သည်ဟု နောက်ထပ်ဆုံမှ သူပြော၏။ နောက်ပြီး ကျွန်မ မမေးဘဲနှင့် သူ့ဟာသူ မလုံမလဲနှင့် ‘အင်းလေ.. ရင်ဘတ်ပေါ်တင်ပြီး အိပ်ရုံတော့လဲ မကဘူးပေါ့ဟာ’ ဟု ခပ်မှုန်မှုန်ပြံုးလျက် ဖွင့်ဟဝန်ခံပါသည်။

**
ကျွန်မနှင့်သူသည် တစ်ယောက်ကိုတစ်ယောက် ချုပ်ချယ်မှုတွေ တောင်းဆိုမှုတွေ ဘာတစ်ခုမှ မပြုလုပ်ကြပါ။ သူ စီးကရက်သောက်တတ်တာကို ကျွန်မမြင်ဖူးပါသည်။ စီးကရက်ကို ကျွန်မ မကြိုက်ပါ။ သူသောက်နေတာကိုလည်း မကြိုက်ပါ။ သို့သော် ကျွန်မသူ့အား ဘာမှမတောင်းဆိုခဲ့ပါ။ စကားပြောရင်း အဆင်မပြေဖြစ်လို့ စိတ်တို စိတ်ကောက်ရတာတွေလောက်ပဲ တစ်ယောက်ကိုတစ်ယောက် ခွင့်ပြုထားခဲ့ကြသည်။

သူနှင့်ကျွန်မ အစကတည်းက အပေးအယူတစ်ခု လုပ်ထားကြသောကြောင့် ဖြစ်ပါသည်။

“နင့်ဘဝထဲ ငါ့ကို ဆွဲမခေါ်နဲ့၊ ငါလဲ နင့်ကို ငါ့ဘဝထဲ ဆွဲမခေါ်ဘူး၊ နင်သဘောတူလား၊ သဘောတူရင် နင်အလုပ်ပြန်တဲ့အချိန်ထိ ငါစောင့်ပြီး အိမ်ပြန်ပေးမယ်”

“သဘောတူတယ်၊ နင်လဲ ငါ့ကို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ မချုပ်ချယ်နဲ့”

“အေး.. မချုပ်ချယ်ဘူး”

သူ့ရုံးက လမ်း ၅၀ မှာ၊ ကျွန်မဆိုင်က ဆိပ်ကမ်းသာလမ်းမှာ၊ သူ့ရုံးက ခုနစ်နာရီမှာဆင်းပြီး ကျွန်မရုံးက ရှစ်နာရီမှာဆင်းသည်။ ထိုအခါ သူက ရုံးဆင်းလျှင် ကျွန်မဆိုင်နားက လက်ဖက်ရည်ဆိုင်မှာ တစ်နာရီတိတိ ထိုင်စောင့်ပြီး အပြန်ကိုစောင့်၍ ဘတ်စ်ကားအတူ စီးကြပါသည်။

သူက မောင်နှမသုံးယောက်တွင် အကြီးဆုံး။ လခနှစ်သောင်းကျပ်ရသည်ကို မိဘအား တစ်သောင်းခွဲအပ်သည်ဟု သူပြောပါသည်။

ကျွန်မတို့သည် ဘတ်စ်ကား ကျပ်ညပ်နေလျှင် တစ်ယောက်ကို တစ်ယောက် စကားပင်မပြောနိုင်အောင် စိတ်ညစ်နေကြသည်။ ဘတ်စ်ကားချောင်လျှင်တော့ စကားပြောကြပါသည်။ သူ ကြည့်ပြီးသည့် ရုပ်ရှင်များအကြောင်း၊ သူဖတ်ပြီးသည့် မဂ္ဂဇင်းများအကြောင်းလည်း ပါသည်။ သူ့ညီလေး ခွေးကိုက်ခံရလို့ ခွေးရူးကာကွယ်ဆေး သွားထိုးရသည့်အကြောင်း၊ သူ့အမေ သွားကိုက်လို့ သွားဆရာဝန် သွားပြသည့်အကြောင်း စသည်စသည် မိသားစုအရေးတွေလည်း ပါသည်။ ကျွန်မ၏ ထီးကလေး နွမ်းနေပြီဖြစ်၍ ထီးအသစ်ကလေး ၀ယ်ပေးချင်သည့်အကြောင်းလည်း ပါသည်။ ကျွန်မကလည်း ကျွန်မတို့ မောင်နှမတွေ တရုတ်ကားနှင့် ဘောလုံးပွဲ လုပြီး ရန်ဖြစ်ကြသည့်အကြောင်း၊ မနက်စောစော အမေမနိုးသဖြင့် ကျွန်မ ဟင်းထချက်တာ ဟင်းအိုးတူးသွားသည့်အကြောင်း၊ ရုပ်မြင်သံကြား ကြော်ငြာအသစ်တွေအကြောင်း ပြောပြတတ်ပါသည်။ သူ့ကျောပိုးအိတ်ကလေး နွမ်းစုတ်နေသဖြင့် ကျောပိုးအိတ်အသစ်ကလေးတစ်ခု ၀ယ်ပေးချင်လို့ တစ်လမှာ နှစ်ရာကျပ် စုထားသည့်အကြောင်း ပြောပြနေတတ်ပါသည်။

သို့သော် ကျွန်မတို့ ပြောသည့် အကြောင်းများတွင် အချစ်အကြောင်း မပါ၀င်ခဲ့။ ယောကျ်ားနှင့်မိန်းမတို့၏ လိုအင်ဆန္ဒများ အကြောင်း မပါ၀င်ခဲ့။ မာနတွေ၊ မခံချင်စိတ်တွေ မပါ၀င်ခဲ့။

ကျွန်မဘေးမှာ သူထိုင်နေလျှင် ကျွန်မ၏ ညအိမ်အပြန်ခရီး လုံခြံုချောမွေ့နေသည်ဟု ခံစားရသည်။ သူ့ဆံပင် ဖွာဖွာလိမ်လိမ်လေးတွေက ကျွန်မနဖူးမှာ နားရွက်မှာ လာထိလျှင်၊ သူ့လက်မောင်းနှင့် ကျွန်မပခုံး ထိမိလျှင် နွေးထွေးသော ချိုမြိန်မှုကို ကျွန်မ ခံစားရသည်။ တစ်ခါ တစ်ခါ သူ မရိပ်မိအောင် သူ့လက်မောင်းမှာ တစ်စက္ကန့် နှစ်စက္ကန့်လောက် ပါးအပ်ပြီး အသက်ပြင်းပြင်း ရှိုက်ရှူလိုက်ရလျှင် သူ့နှလုံးသွေးတွေက ကျွန်မကိုယ်ထဲသို့ ပေါင်းစပ်စီးဝင်သွားသလို အချစ်အရသာကို ကျွန်မ ကျေနပ်စွာ ရလိုက်သည်။

ကျွန်မ သူ့ကို စကားပြောရင်း တစ်ခါတစ်ခါ စကားဖြတ်လျက် သူ့ကို ငေးမောမိသွား၏။ သူက ‘ဘာကြည့်တာလဲ’ ဟု ပြံုးမေးတတ်သည်။

“နင်ကလေ.. တစ်ခါ တစ်ခါကျတော့..” ကျွန်မ ပြောချင်သည့် စကားကို မပြောတော့ဘဲ ဘာမှမဟုတ်ပါဘူးဟု ရယ်ပစ်လိုက်လျှင် ‘သိပ်ချစ်စရာကောင်းတာပဲလို့ ပြောမလို့မဟုတ်လား’ ဟု သေချာသော အပြံုးမျိုးဖြင့် စတတ်၏။ ‘ဟုတ်ပါဘူး၊ သိပ်ရုပ်ဆိုးတာပဲလို့ ပြောမလို့’ ဟု ကျွန်မကဖြေလျှင် သူ ရယ်မောပါသည်။ ‘မယုံပါဘူး’ တဲ့။

**
ဒါကို အချစ်မဟုတ်ဘူးလို့ တချို့က ဝေဖန်ချင်ဝေဖန်ပါလိမ့်မည်။
အချစ်ဆိုတာ ဘာလဲဟု အတိအကျ အဓိပ္ပာယ်ဖော်နိုင်သူတွေကို ကျွန်မ တကယ်ချီးကျူးပါသည်။ ကျွန်မကတော့ အချစ်ဆိုတာကို အဓိပ္ပာယ် အတိအကျ မသိပါ။

အချစ်ဆိုတာ ပိုင်ဆိုင်ရယူလိုခြင်းလား။ စွန့်လွှတ်ခြင်းလာား။ အချစ်ဆိုတာ ရင်ခုန်စွာ တပ်မက်ခြင်းလား။ စားသုံးပြီးသော်လည်း မဝသည့် ချိုမြိန်သော ပျားရည်စက်တွေလား။ နက်ရှိုင်းစွာ တိုးဝင်ဖို့ ဆွဲဆောင်သည့် မွှေးပျံ့သော အမှောင်ထုတစ်ခုလား။ နေပူထဲက လာသူကို အရိပ်ထဲမှ ကြိုဆို၍ တိုက်သော အေးစိမ့်သည့် ရေတစ်ခွက်လား။

အဲဒါတွေ ကျွန်မ မပြောတတ်ပါ။

ကျွန်မသိသည့် ကျွန်မ၏အချစ်ကတော့ နူးညံ့ပျော့ပျောင်းသည့် ခွေလိပ်ဖွာလွင့်သော အညိုရင့်ရင့် ဆံပင်လေးများဖြစ်သည်။ ဟမ်ဘာဂါ၏ သုံးပုံတစ်ပုံလောက်ကို အလွယ်ကူ ငုံပြီး ကိုက်ယူနိုင်လောက်အောင် ကျယ်ပြန့်သော ပါးလှပ်သော နှုတ်ခမ်းတစ်စုံ ဖြစ်သည်။ အဲဗားရေမွှေးနံ့နှင့် ချွေးနံ့ ပေါင်းစပ်ပြီး ချိုမြစွာ မွှေးသည့် ရှပ်အကျႌအိတ်ကပ်တစ်ခုဖြစ်သည်။ ပူနွေးစွာ မြဲမြံသည့် လက်ဖဝါးတစ်ခု ဖြစ်သည်။ ဂစ်တာဘေ့စ်သံလို ခိုင်မာစွာ ဆွဲဆောင်သည့် ဝါ၀ါညက်ညက် အက်သည့် အသံတစ်ခုဖြစ်သည်။

အဲသည်အချစ်ကို ကျွန်မ ခံစားသိဖြင့် သိနေပါသည်။

ဒါကြောင့် အဲဒါ အချစ်ပဲ ဖြစ်သည်။

အချစ်တစ်ခု၏ ရည်မှန်းချက်သည် လက်ထပ်ခြင်းဟု ပြောလျှင် အဲသည်စကားကို ကျွန်မ လက်မခံပါ။ လက်ထပ်ခြင်းသည် အချစ်၏ သချႋုင်းဖြစ်ချင်ဖြစ်မည်၊ သို့မဟုတ် အချစ်၏ အဆုံးသတ် ဇာတ်သိမ်းတစ်ခု ဖြစ်ချင်ဖြစ်မည်။ အချစ်၏ ခရီးဆုံးပန်းတိုင် ဖြစ်ချင်ဖြစ်မည်။ လက်ထပ်ခြင်းသည် ဘာပဲဖြစ်ဖြစ် ကျွန်မအတွက်တော့ မှုန်ဝါးဝါး ဝေးကွာလှသည့် ရုပ်ပုံကားတစ်ချပ် ဖြစ်သည်။ ကျွန်မ စိတ်မဝင်စားပါ။ ကျွန်မ စိတ်ဝင်စားအောင် မဆွဲဆောင်နိုင်ခဲ့ပါ။

အချစ်တွင် တာဝန်ယူမှု၊ ကတိပြုမှု ပါသလား။ မပါပါ။

အချစ်တွင် အချစ်ပဲ ပါပါသည်။ လိုက်လျောမှု ပါ၀င်သော်လည်း အဲဒါဟာ တာဝန်ကြောင့် လိုက်လျောတာမဟုတ်၊ အချစ်စိတ် သက်သက်ဖြင့် လိုက်လျောတာ ဖြစ်သည်။ မြတ်နိုးခြင်းသက်သက်ဖြင့် လိုက်လျောတာဖြစ်သည်။ စောင့်ရှောက်မှု ပါ၀င်သော်လည်း အဲဒါက တာဝန်ကြောင့် ကတိကြောင့် စောင့်ရှောက်တာမဟုတ်။ အချစ်စိတ်သက်သက်ကြောင့် ယုယစိတ်သက်သက်ကြောင့် စောင့်ရှောက်တာပဲ ဖြစ်သည်။

အချစ်သည် နွားနို့တစ်ခွက်မဟုတ်၍ သိုးသွားမှာ ချဉ်သွားမှာကို မစိုးရိမ်ရပါ။ အချစ်ယောင်ဆောင်ထားသည့် မက်မောတွယ်တာမှုတွေကတော့ အချိန်လွန်လျှင် သိုးကုန်နိုင်ပါလိမ့်မည်။

ကျွန်မနှင့် သူ၏ အချစ်သည် ဘာနှင့်မှ ရောမနေသော အချစ်သက်သက်ဖြစ်သည်။ ထို့ကြောင့် ကျွန်မတို့ ဘာမှ ထပ်မလိုအပ်ပါ။ ကျွန်မတို့မှာ ရှိသော အချစ်သည် တစ်ယောက်ကိုတစ်ယောက် ပေးလို့ယူလို့လည်း မရ။ တစ်ယောက်ကိုတစ်ယောက် ခံစားလို့သာ ရပါသည်။ နီးလည်း သိပ်နီးမလာခဲ့။ ထို့ကြောင့် သိပ်ဝေးသွားမှာကိုလည်း မပူပင်ခဲ့ပါ။

**

သူက ကျွန်မကို ‘နင် ဘာလိုချင်လဲ’ ဟု ခဏခဏ မေးဖူးပါသည်။
‘လခကောင်းတဲ့ အလုပ်တစ်ခု ရချင်တယ်’ ဟု ကျွန်မက ဖြေတတ်ပါသည်။
‘နင်ရော ဘာလိုချင်လဲ’ ဟု ကျွန်မက သူ့ကို ပြန်မေးပါသည်။
‘နင့်ကို အလုပ်သွား အလုပ်ပြန် ၀င်ခေါ်ပေးဖို့ ကားလေးတစ်စီး လိုချင်တယ်’ ဟု သူဖြေပါသည်။
‘ငါတို့တွေ မနက်စောစော လမ်းမလျှောက်ရတာ ကြာပြီနော်’ ဟု သူက ပြောတော့..
‘အခု မိုးကုန်တော့မှာပဲ၊ ဆောင်းရောက်ရင် ငါတို့ လမ်းလျှောက်ပြေးကြမယ်လေ’ ဟု သူ့ကို ပြောမိပါသည်။

ကျပ်ညပ်နေသော ဘတ်စ်ကားပေါ်မှာမဟုတ်၊ ဆူညံနေသော လက်ဖက်ရည်ဆိုင်ထဲမှာမဟုတ်၊ ညအမှောင်မှာ ကသုတ်ကရက် အိမ်ပြန်ရသော လမ်းမှာမဟုတ်၊ နှင်းဖြင့် အေးစိမ့်သော ခြောက်သွေ့သော လတ်ဆတ်သော နံနက်ခင်းတစ်ခုမှာ ကျွန်မတို့ အေးအေးဆေးဆေး တွေ့ချင်သည်။ တစ်ယောက်ကို တစ်ယောက် လက်ချင်းထွေးဆုပ်ပြီး ပြေးချင်သည်။ ဖိနပ်ကြိုးချည်ပေးရင်း တစ်ယောက်မျက်နှာ တစ်ယောက် ငေးမောချင်သည်။

အချစ်အတွက် မျှော်လင့်ချက်တစ်ခုခု ရှိရမည်ဆိုလျှင် ကျွန်မ မျှော်လင့်တာက ဆောင်းနံနက်ခင်းတွေပဲ ဖြစ်ပါသည်။

ဂျူး

From Juu Fan page

 
17
Kudos
 
17
Kudos

Now read this

Where to Start #1

The title is where to start because I don’t know where to start but I will do it anyway. I am a programmer. I am fascinated by the results of little programs I wrote. I know that nobody uses the programs I write. That’s fine for me... Continue →